Advertise Here !


ဘဝကတိုသည်။ ဖေ့စ်ဘွတ်ခ်ပေါ်က အဆိပ်အတောက် မိတ်ဆွေတွေ၏ ပို့စ်များကို ထိုင်ဖတ်ပြီး အချိန်ဖြုန်းမနေသင့်။

ကိုယ့်ဖေ့စ်ဘွတ်ခ်ထဲမှာ ကျောင်းတုန်းက သူငယ်ချင်းတွေ၊ ယခင်အလုပ်ဟောင်းတွေနဲ့ ယခုအလုပ်ထဲက အပေါင်းအသင်းတွေ၊ ခရီးသွားရင်း သိလာသူတွေ၊ အွန်လိုင်းပေါ်က သိသူတွေ၊ မိမိမသိသော်လည်း ထိုသူများကို သဘောကျသောကြောင့် မိတ်ဆွေလုပ်ထားသူတွေ စသည်စသည်ဖြင့် ကိုယ့်ဖေ့စ်ဘွတ်ခ်ထဲမှာ လူအမျိုးမျိုး အထွေထွေ ရှိနေနိုင်သည်။ ထိုလူတိုင်းမှာ ပြောစရာကိုယ်စီ ဖေ့စ်ဘွတ်ခ်တင်ချင်တာ ကိုယ်စီရှိနေကြသည်။ သို့သော် ထိုသူများ ပြောချင်တာတိုင်းကို ကိုယ်ကအခါခပ်သိမ်း နားထောင်လိုမည်မဟုတ်။
ဘဝမှာ ပျော်ရွှင်မှုဟူသည် အပေါင်းအသင်းပေါ်လည်း များစွာမူတည်သည်။ အပေါင်းအသင်းဆိုရာမှာ အပြင်က အပေါင်းအသင်းသာမက ယနေ့ခေတ်ကြီးအဖို့ အွန်လိုင်းပေါ်က အပေါင်းအသင်းများလည်း အကျုံးဝင်နေသည်။ အပေါင်းအသင်းကောင်းက ကိုယ်စိတ်ပျော်ရွှင်ရေး အကျိုးပြုသည်။ အပေါင်းအသင်းဆိုးက ကိုယ်စိတ်ညှိုးနွမ်း နုံးချိအောင် လုပ်ပစ်နိုင်သည်။ သို့ဖြစ်ရာ ယနေ့အင်တာနက်ခေတ် လူသားတွေအဖို့ မိတ်ဆွေအများဆုံး ရနိုင်သည့် ဖေ့စ်ဘွတ်ခ်ပေါ်မှာ မည်သူတွေကို ဖြုတ်ထုတ်ခြင်းဖြင့် မိမိပျော်ရွှင်မှုကို မြှင့်တင်နိုင်သည်ကို အကြံပြုလိုပါသည်။

၁။ နိုင်ငံရေး လေလုံးထွားသူတွေ။

အလှူပွဲ၊ ပါတီပွဲတွေမှာ နိုင်ငံရေးအကြောင်း လေလုံးထွားကာ လူတွင်ကျယ် လုပ်နေသူများနှင့် ကြုံဖူးလိမ့်မည်။ သို့သော် ထိုသူများနှင့်က တစ်လနှစ်လနေမှ တစ်ခါလောက်သာ ကြုံရနိုင်သည်။ ယနေ့ဖေ့စ်ဘွတ်ခ် ခေတ်ကြီးမှာကား ထိုသူတွေက ဖုန်းထဲမှာ တစ်ချိန်လုံး ရှိနေသည်။ ဖေ့စ်ဘွတ်ခ်ဖွင့်တိုင်း ထိုသူတွေအသံကို ကြားရလိမ့်မည်။
ဖေ့စ်ဘွတ်ခ် မိတ်ဆွေများအနေဖြင့် သူတို့စာမျက်နှာမှာ သူတို့ကြိုက်တာ ရေးတင်ပိုင်ခွင့်ရှိသည်။ သို့သော်သူတို့ ရေးတင်တိုင်း ကိုယ်ကလိုက်ဖတ်၊ လိုက်ခံစားနေရန် အကြောင်းမရှိ။ အကယ်၍မိမိကို စိတ်အနှောင့်အယှက် ဖြစ်စေသည်အထိ လေလုံးထွားသူများ ရှိပါက အကောင်းဆုံးမှာ ထိုသူတွေကို Unfriend လုပ်ပစ်လိုက်ခြင်း ဖြစ်သည်။

၂။ အဆိုးမြင်သမားတွေ။

လူတိုင်းမှာ အဆင်မပြေသည့်နေ့တွေ ရှိမည်သာ။ သို့သော် သူများအဆင်မပြေမှု တိုင်းအတွက် မိမိကလိုက်ခံစား ကြေကွဲနေဖို့တော့မလို။
စိတ်ဆင်းရဲမှုသည် ကူးစက်တတ်သည်ဟု သုတေသနများစွာကလည်း သက်သေခံနေသည်။ ကိုယ့်ဘဝထဲကနေ စိတ်ပင်ပန်းဖိစီးမှုများ လျှော့ချနိုင်လေ ဘဝမှာပျော်ရွှင်ရလေ ဖြစ်သည်။ မိတ်ဆွေများ၏ အဆင်မပြေမှုများကို ကူညီဖြေရှင်း ပေးခြင်းသည် မိတ်ဆွေကောင်းတို့ ပြုအပ်သော ဝတ္တရားဖြစ်သော်လည်း အဆင်မပြေတိုင်း ဖေ့စ်ဘွတ်ခ်ပေါ် တက်ညည်း တတ်သူများ၏ ပို့စ်များကိုဖတ်ပြီး မိမိက  တစ်ချိန်လုံး စိတ်ဆင်းရဲ ခံပေးနေရန်တော့ အကြောင်းမရှိ။ အသေးအဖွဲ့လေးက အစညည်းညူ တတ်သူများကို ကိုယ့်ဖေ့စ်ဘွတ်ခ်ထဲကနေ ထုတ်ထားလိုက်ခြင်းသည် ကိုယ့်ဘဝအတွက် အကောင်းဆုံး ရွေးချယ်မှု ဖြစ်လိမ့်မည်။

၃။ သူငယ်ချင်းဟောင်း၊ ချစ်သူဟောင်းတွေ။

သဘောထား မတိုက်ဆိုင်သဖြင့် လမ်းခွဲလိုက်ရသော ချစ်သူဟောင်းတွေ၊ အကြောင်းအမျိုးမျိုးကြောင့် ကျောခိုင်းလိုက်ရသည့် သူငယ်ချင်းဟောင်းတွေကို ဖေ့စ်ဘွတ်ခ်ကနေ လိုက်တိုက်ခိုက်နေခြင်း၊ ထိုသူများ တိုက်ခိုက်သည်များကို ဒေါသထွက် နေခြင်းများသည် ကိုယ့်အသက်ကိုယ်တို အောင်ပြုနေခြင်းဖြစ်၏။ ထိုသူများကို ကိုယ့်အွန်လိုင်း အသိုင်းအဝိုင်းကနေ ဖယ်ထုတ်ထား လိုက်ခြင်းသည် ကိုယ့်အတွက် လည်းကောင်းသည်၊ သူတို့အတွက်လည်း ကောင်းသည်။
သူငယ်ချင်းဟောင်း၊ ချစ်သူဟောင်းများကို ဖေ့စ်ဘွတ်ခ်ကနေ လုံးဝ Unfriend လုပ်မပစ် လိုက်လိုပါကလည်း အခြားရွေးစရာ နည်းလမ်းများ ရှိသေးသည်။ ထိုသူတွေ၏ ပို့စ်များ ကိုယ့် Newsfeed မှာ တက်မလာအောင် ကန့်သတ်ထားလို့ရသည်။ "Take a Break" စနစ်လည်း ရှိသေးသည်။ ထိုစနစ်ဖြင့် မိမိမမြင်လို၊ မတွေ့လိုသူနှင့် ပတ်သက်သော အတိတ်ကိစ္စများဖေ့စ် ဘွတ်ခ်မှာ တက်မလာအောင် တားထားလို့ ရသည်။

၎။ အကြွားသန်သူတွေ။

ဘယ်နိုင်ငံသွား အပန်းဖြေလိုက်ပြန်ပြီ၊ ဘယ်ကမ်းခြေသွား အနားယူလိုက်ပြန်ပြီ၊ ဘယ်ကားကြီး ဝယ်စီးလိုက်ပြန်ပြီ စသည် စသည်ဖြင့်  ဖေ့စ်ဘွတ်ခ်မှာ မဆုံးနိုင်အောင် အကြွားသန်သူများကို မြင်ပါများလျှင် ကိုယ်က သူ့လောက် မတတ်နိုင်ပါက နေရင်းထိုင်ရင်း စိတ်ဓာတ်ကျကာ  လောကကြီးကို စိတ်ကုန်ရပြန်သည်။ လေ့လာသုတေသန များကလည်း ဖေ့စ်ဘွတ်ခ်သည် လူမှုအဆင့်အတန်းချင်း နှိုင်းယှဉ်ကြည့်ကာ စိတ်ဓာတ်ကျရသူတွေ သိပ်ပေါသည့်နေရာဟု ဆိုထားကြသည်။
ကျောင်းတုန်းက သူငယ်ချင်းဟောင်း အိမ်ထောင်ကျပြီး ကြီးပွားချမ်းသာ နေတာတွေ နေ့ရှိသရွေ့ မြင်နေရတာ ကိုယ့်အဖို့ စိတ်ဓာတ်ကျစရာ ဖြစ်နေသည်ဆိုပါက၊ သူနဲ့ကိုယ်နဲ့လည်း များများစားစား ပတ်သက်စရာ မရှိဘူးဆိုလျှင် သူ့ကို Unfriend လုပ်ထားလိုက်တာ ကိုယ့်ဘဝအတွက် အကောင်းဆုံး ဖြစ်လိမ့်မည်။


၅။ အာရုံစိုက်ခံချင်သူတွေ။

“ဘဝမှာဒီနေ့လောက် စိတ်ပျက်ဖို့ ကောင်းတဲ့နေ့ မရှိတော့ဘူး…ပြောကိုမပြော ချင်တော့ပါဘူး”စသည့်ပို့စ်မျိုး ဖေ့စ်ဘွတ်ခ်မှာ မကြာမကြာ တွေ့ဖူးလိမ့်မည်။ ထိုပို့စ်မျိုးတွေ့လျှင် စာဖတ်သူအနေနှင့် မျက်လုံးပင့်၊ နှာခေါင်းရှုံ့၊ နှုတ်ခမ်းရွဲ့ကောင်း ရွဲ့မိလိမ့်မည်။
ထိုသို့တုံ့ပြန် မိသည်ဆိုလျှင်လည်း စာဖတ်သူ တစ်ယောက်တည်း တော့မဟုတ်။  အခြားလူများ အာရုံစိုက်လာအောင် ဖေ့စ်ဘွတ်ခ်ပေါ်တွင် တမင်ဘဝနာပြ တတ်သူများသည် မှန်းချက်နှင့် နှမ်းထွက်လွဲရ တာများသည်။ အာရုံစိုက်ခံလိုသူတွေ၏ ဒရမ်မာတွေကို စိတ်ကုန်နေပြီ ဆိုရင်တော့ ထို သူတွေကို Unfriend သာလုပ်ထားလိုက်ပါ စာဖတ်သူ။

၆။ ပို့စ်ကွင်းဆက်သမားတွေ။

မနက်ကဘာနဲ့ စားသည်။ ကားမောင်းရတာ ဘယ်လိုစိတ်ညစ်ဖို့ ကောင်းသည်။ လေ့ကျင့်စင်တာ သွားကစားတာ ၈၆၅ ကယ်လိုရီတောင် ကျသွားသည်။ ခေါင်းက မူးနေပြန်ပြီ။ စိတ်ညစ်လိုက်တာ။ စသည် စသည်ဖြင့် စိတ်ထဲရှိသမျှ၊ နေ့စဉ်ဘဝမှာ ကြုံရသမျှကို ဖေ့စ်ဘွတ်ခ်ပေါ် ပို့စ်တစ်ခုပြီးတစ်ခု ရေးတင်သူတွေ ကိုယ့်ဖေ့စ်ဘွတ်ခ်ထဲမှာ ရှိနေလား။
ပို့စ်တွေတစ်ခုပြီးတစ်ခု ကွင်းဆက်မပြတ် ဖေ့စ်ဘွတ်ခ်ပေါ် တင်ခြင်းဖြင့် ကိုယ့်ကိုယ်ကိုယ် အလွန်အမင်း ဈေးကွက်မြှင့်တင် ခြင်းသည်လည်း ဆန့်ကျင်ဘက် အကျိုးသာ ထွက်ပေါ်ဖို့ ရှိသည်။ ဆောရီးပါ၊ Unfriend သာလုပ်လိုက်ပါ။

၇။ ကိုယ့်ကို စိတ်ဓာတ်ကျအောင် တမင်လုပ်နေသူတွေ။

ဖေ့စ်ဘွတ်ခ်ကဲ့သို့ ဆိုရှယ်မီဒီယာတွေ သုံးခြင်းသည် ကိုယ့်စိတ်ကို စုပ်ယူဝါးမျိုခံဖို့မဟုတ်။ စိတ်ပျော်ရွှင် ချမ်းသာစေဖို့က အဓိကရည်ရွယ်ချက် ဖြစ်သည်။
အကယ်၍ တစ်ယောက်ယောက်သည် ဖေ့စ်ဘွတ်ခ်ကနေ ကိုယ့်ကိုစိတ်ပင်ပန်း ဆင်းရဲအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေသည် ဆိုပါက ထိုသူများကို ကိုယ့်ဘဝထဲမှာ ဆက်ထားသင့်မသင့် ပြန်ချိန်ဆပါ။
အထက်ပါ လူခုနစ်မျိုးကို ကိုယ့်ဖေ့စ်ဘွတ်ခ်က ဖြုတ်ထုတ်လိုက်ရုံနဲ့လည်း စိတ်ဖိစီးမှု မကင်းစင်သေးဘူးဆိုပါက စာဖတ်သူအနေဖြင့် ဖေ့စ်ဘွတ်ခ်နှင့် အချိန်အပိုင်း အခြားအလိုက် အဆက်ဖြတ်ထားသည့် အကျင့်လေး ပျိုးထောင်ကြည့်ပါ။ ရက်ပိုင်းလောက် အဆက်ဖြတ်ထားခြင်းသည် မည်သူ့ကိုမျှ ထိခိုက်စေသည် မဟုတ်။

Ref: 7 Types Of People You Should Unfriend On Facebook ASAP (The Huffington Post)
 သီဟထိုက်
www.thihahtike.com

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

0 comments:

Please click on advertisement !