Advertise Here !

Apple ရဲ့ အကြီးကျယ်အခမ်းနားဆုံးပွဲတစ်ပွဲ ဖြစ်တဲ့ WWDC ပွဲမှာ တက်ရောက်ဖို့ ၁၀ နှစ်အရွယ်ကလေးငယ်တစ်ဦး ဖိတ်ကြားခံခဲ့ရပါတယ်။ ဒီကလေးဟာ WWDC17 ပွဲကို တက်ရောက်ဖို့ ဖိတ်ကြားခံရသူ developers များထဲမှာ အသက်အငယ်ဆုံး ဖြစ်ပြီး Apple CEO တင်မ်ကွတ်ကိုယ်တိုင် တလေးတစားလက်ဆွဲ နှုတ်ဆက်ခံရသူတစ်ဦးလည်း ဖြစ်ပါတယ်။



 ယူမာဆိုရီရန်တို ဟာ သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့ နေ iOS developer တစ်ဦးဖြစ်ပြီး အခုမှ အသက် ၁၀ နှစ်ပဲ ရှိသေးတာ ဖြစ်ပေမယ့် App Store မှာ အက်ပလီကေးရှင်း ၅ ခုအထိ ဖန်တီး ရေးသားထားပါတယ်။ ယခုတစ်ပတ် Apple ရဲ့ Worldwide Developers Conference ပွဲမှာ mini rock-star အဆင့်ရထားတဲ့ လူငယ်ပညာရှင်လည်း ဖြစ်ပါတယ်။ ပရိုဂရမ် coding ရေးသားနည်းကို အွန်လိုင်းကနေပဲ လေ့လာခဲ့ပြီး တစ်ခြားဘယ်သူ့ ဆီကမှ မသင်ခဲ့ဖူးဘူးလို့ ယူမာက ဆိုပါတယ်။ coding ရေးနည်းစနစ်ကို ၆ နှစ်သားကတည်းက တတ်မြောက်ခဲ့ပြီးနောက် ကိုယ်ပိုင် အက်ပလီကေးရှင်းများကို ဖန်တီးခဲ့ပါတယ်။

၂၀၁၆ ခုနှစ်ထဲမှာ App Store ပေါ် အက်ပလီကေးရှင်း ၅ ခု ရေးတင်ခဲ့တဲ့ ယူမာဟာ Apple ရဲ့ လူငယ်ပညာသင်ဆု အစီအစဉ်တစ်ခုမှာ WWDC ပွဲကို တက်ရောက်ဖို့ဖိတ်ကြားခဲ့တာ ဖြစ်ပါတယ်။ ယူမာဆိုရီရန်တိုကို Apple CEO တင်မ်ကွတ်ကိုယ်တိုင် ချီးကျူးဂုဏ်ပြုခဲ့ပြီး ဒီကလေးရဲ့ အောင်မြင်မှုကို တွေ့ မြင်ဖို့ မစောင့်နိုင်အောင် ဖြစ်ရတယ်လို့ တောင် ဆိုခဲ့ပါတယ်။ လောလောဆယ်မှာ ယူမာဟာ ကိုယ်ပိုင် YouTube Channel ကနေ coding ရေးနည်း သင်ပြပေးနေသူဖြစ်ပြီး သူ့ ရဲ့ချန်နယ်အမည်ကို Anyone Can Code လို့ နာမည်ပေးထားပါတယ်။


 Apple ရဲ့ Scholarship program အတွက် လျှောက်ထားရာမှာ ဒီ YouTube channel နဲ့ တကွ သူဖန်တီးထားတဲ့ အက်ပလီကေးရှင်း ၅ ခုကိုပါ တင်ပြခဲ့ရာကနေ အခုလို WWDC ပွဲကို ဖိတ်ကြားခံရတာ ဖြစ်ပါတယ်။ သူ ရေးဆွဲသမျှကို ဒီဇိုင်နာနဲ့ app developer ဖြစ်တဲ့ သူ့ ဖခင် ဟန်ဒရေးကနေ ခရစ်ဒစ်ပေးပြီး App store ပေါ် တင်ပေးခဲ့ပါတယ်။ အကြောင်းကတော့ Apple ရဲ့ အသက်အရွယ် သတ်မှတ်ထားတဲ့ စည်းမျဉ်းများအရ ယူမာကိုယ်တိုင် တင်လို့ မရတာကြောင့် ဖြစ်ပါတယ်။

ယူမာရဲ့ အက်ပလီကေးရှင်းတွေကို Apple ရဲ့ Xcode software သုံးပြီး မိသားစုပိုင် MacBook Air ပေါ်ကနေ ဖန်တီးခဲ့တာဖြစ်ပါတယ်။ ဒီအက်ပလီကေးရှင်းတွေထဲမှာ ဘဲကလေးတစ်ကောင်ကနေ ရာသီဥတုအစီရင်ခံပေးတဲ့ Weather Duck ဆိုတဲ့ အက်ပလီကေးရှင်းကနေ ယူမာကိုယ်တိုင် အသံထည့်ထားတဲ့ ဂဏန်းပေါင်းစက် Kid Calculator လည်း ပါဝင်ပါတယ်။


အက်ပလီကေးရှင်းအတွက် coding အားလုံးကို ယူမာကိုယ်တိုင်ရေး ၊ သူကိုယ်တိုင်ပဲ layout အခင်းအကျင်းနဲ့ လုပ်ရမယ့် function ပိုင်းတွေ ချခဲ့တာပါ။ သူ့ အဖေဖြစ်သူ ဟန်ဒရေးကတော့ အက်ပလီကေးရှင်းမှာ သုံးမယ့် ပုံတွေ ထုတ်ပေးတာလောက်ပဲ ကူညီခဲ့တယ်လို့ ဆိုပါတယ်။ coding ရေးရင်း အခက်အခဲတစ်ခုခု ကြုံလာတိုင်း ယူမာဟာ Google ပေါ်ကနေပဲ အဖြေရှာခဲ့တယ်လို့ သိရပါတယ်။

Credit : Duwan

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org


Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

0 comments:

Please click on advertisement !